ဝါးခယ်မတွင် ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေး ဆောင်းသီးနှံ(နေကြာ) စိုက်နည်းစနစ် ကွင်းသရုပ်ပြခြင်းနှင့် မျိုးစေ့များပေးအပ်

ဝါးခယ်မ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်းသီးနှံ(နေကြာ) စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့များပေးအပ်ပွဲကို တောင်အူသဗြုကျေးရွာ ကွင်းအမှတ်(၁၀၀၆)၊ ဦးပိုင်အမှတ်(၁၈)ရှိ တောင်သူ ဦးမြင့်အေး၏ လယ်မြေ(၃.၀၀) ဧကတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့များပေးအပ်ပွဲသို့ မြောင်းမြခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက ဆီထွက်သီးနှံစိုက်ပျိုးကြမည့် တောင်သူလယ်သမားများအား ဆောင်းနေကြာနှင့် ပဲပုပ်မျိုး‌စေ့များကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်သွားမည့် အခြေအနေများနှင့်​ နေကြာသီးနှံစိုက်ပျိုးနည်းပညာများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး တောင်အူသဗြုကျေးရွာ ကွင်းအမှတ် (၁၀၀၆)၊ ဦးပိုင်အမှတ်(၁၈)ရှိ တောင်သူ ဦးမြင့်အေး၏ လယ်မြေ(၃.၀၀)ဧက၌ ပြုလုပ်သည့် ဆောင်းသီးနှံ(နေကြာ) စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲနှင့် တောင်သူဦးချစ်ကို၏ ကွင်းအမှတ် (၁၀၀၆)၊ ဦးပိုင်အမှတ် (၁၇)၊ လယ်မြေ(၂.၀)ဧကတွင် ​နေကြာစိုက်ပျိုးရန်ထွန်ယက်​နေမှုအား ကြည့်ရှုအား​ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)