ဘားအံ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို သန့်ရှင်းသာယာလှပသော ခရီးသွားမြို့တော်ဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများနှင့်ဌာန ဆိုင်ရာများပူးပေါင်း၍ ဘားအံမြို့ကမ်းနားလမ်းတစ်လျှောက်နှင့် ဘားအံတက္ကသိုလ်ပရိဝုဏ်တို့တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ကြရာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းနှင့်ခရေ လမ်းထိပ်မှ အမှတ်(၃)ရပ်ကွက်၊ ညဈေးတန်းထိပ်ထိ နှင့် ဘားအံတက္ကသိုလ် ပရိဝုဏ်အတွင်း၊ အပြင်တို့တွင် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုစုပေါင်းအင်အား ၁၁၂၁ ဦးဖြင့် သန့်ရှင်းရေးလုပ်ငန်းသုံးကိရိယာများ၊ ယာဉ်၊ ယန္တရားများ အသုံးပြု၍ ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ စွန်ပစ်ပလက်စတစ်နှင့်အမှိုက်သရိုက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ ရှင်းလင်းတူးဖော်ခြင်းအစရှိသည့် စုပေါင်းသန့်ရှင်းလုပ်ငန်းများကို ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။
အလားတူ ကရင်ပြည်နယ်အတွင်းယမန်နှစ်မိုးရာသီကမိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေ နှစ်ကြိမ်တိုင်တိုင် ထူးကဲစံချိန်တင်မြင့်တက်မှုကြောင့် ကော့လှိုက်ကျေးရွာတွင် မြစ်ကမ်းပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး ရေအရင်းအမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၁)၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့်တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ရှင်းလင်းဆောင်၌ ရေအရင်းအမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်စိုးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ၊ ဖြည့်စွက်ရန်ပုံငွေ တို့ဖြင့်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် သံလွင်မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း Bored Pile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား(၁၀၀၀)ပေ၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Geo Bag မြေထိန်းတမံနှင့် သဲစုပ်သောင်တူး၍မြေဖို့ခြင်း လုပ်ငန်းများဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့လှိုက်ကျေးရွာ၊ သံလွင်မြစ်ကမ်းပါးပြိုကျ မှုနှင့်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ သံလွင်မြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)