မိုးညို နိုဝင်ဘာ ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ရှိ အ.ထ.က(မိုးညို) သရဖူခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဒေါ်ဝင်းဝင်းမာက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသော်ထက်အောင်က သင်တန်းတွင်သင်ကြားမည့် သင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး သင်ထောက်ကူပစ္စည်းများအား ပေးအပ်သည်။ အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့ထိဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ ၃၀ ဦးတက်ရောက်ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)