ကျွန်းစု နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် မြို့ပေါ်အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/သူများသည် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ထုတ်ယူကာ ကြိုတင်ဆန္ဒမဲပေး ဆောင်ရွက်ကြကြောင်း သိရသည်။
တက္ကသိုလ်ကျောင်းသား/သူများ ကြိုတင်ဆန္ဒမဲပေးရာတွင် ကျောင်းသား/သူများက ကြိုတင်ဆန္ဒမဲလက်မှတ်များထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြုခန်းတွင် မိမိကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို ဆန္ဒပြုမဲပေးခဲ့ကြပြီး ကြိုတင်မဲပုံးအတွင်းသို့ ထည့်သွင်းဆန္ဒပြုကြသည်။ တက္ကသိုလ်ကျောင်းသား/သူများ ကြိုတင်ဆန္ဒမဲပေးနေမှုအား မြိတ်ခရိုင်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွား၊ မြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြသည်။
ကျွန်းစုမြို့နယ်သည် ရွေးကောက်ပွဲဆောင်ရွက်ခြင်း အပိုင်း ၂ တွင်ပါဝင်ပြီး ၂၀၂၆ခု နှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲစတင်ကျင်းပမည်ဖြစ်ရာ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ(၁၇) ရက်မှ (၂၁)ရက်အထိ ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ကြိုတင်ဆန္ဒမဲ လာရောက်မဲပေးသူ ၄၅ ဦး ရှိကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)