ပဲခူး နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၅) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် (၂)သီးစိုက်လယ်မြေများတွင် တန်ဖိုးမြှင့်ပေါ်ဆန်းစပါးမျိုးများ ဇုန်အလိုက်ဖော်ဆောင် စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်းပြည့်စုံကောင်းမွန်စေရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို ခိုင်မာသည့်ဈေးကွက်ရရှိရေးကိုလည်း ဖော်ဆောင်ပေးသွားရမှာဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍ ဒေသထွက်အစားအစာများဖြင့် မွေးမြူနိုင်သည့် ဒေသဝက်၊ ဒေသကြက်နှင့် ဒေသနွားများအား လအလိုက်ချမှတ်ထားသည့် စီမံချက်ပါအတိုင်း မွေးမြူသွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေးနှင့် မိသားစုဝင်ငွေတိုးတက်ရရှိရေး သက်မွေးနည်းပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ချိန်မီ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အောက်ခြေအဆင့်ထိ ကြီးကြပ်ဆောင်ရွက်သွားရမှာဖြစ်သလို ဘဏ္ဍာငွေ လေလွင့်မှုမရှိစေရေးနှင့် Quick Win လုပ်ငန်းများ မြန်မြန်ဆန်ဆန်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ဒီဇင်ဘာလတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် အားကစားပွဲများ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် အားကစားကွင်းများ၊ အားကစားရုံများ အဆင့်မြှင့်တင် ပေးသွားရမှာဖြစ်ကြောင်း၊ မြို့ပြသန့်ရှင်းသာယာလှပစေရေးနှင့် နေချင်ဖွယ်မြို့ပြတစ်ခု ဖြစ်စေရေး အများပြည်သူအပန်းဖြေနိုင်မည့် Public Area များ ဖော်ဆောင်ရွက်ပေးရန် နှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားနှင့်ပညာရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များအား ကဏ္ဍအလိုက် တင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြား ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ပုံမှန်ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ကဏ္ဍအလိုက်တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်