လောင်းလုံးမြို့နယ်၌ ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းများ ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှု

လောင်းလုံး နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ပထမ) အကြိမ်အဖြစ် ၂၁ ရက်အကြာကပ်ထားကြေညာခဲ့ပြီးဖြစ်၍ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် (ဒုတိယ) အကြိမ် မဲစာရင်းများကို ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းများကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ ( ၃ ) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကိုဆောင်ရွက်ရမည်ဖြစ်ပြီး၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ထုတ်ယူနိုင်သည်။ ထိုသို့ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက မဲစာရင်း(တတိယ)အကြိမ် ကပ်ထားကြေညာခြင်းကို ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်သည်။

မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို လောင်းလုံးမြို့နယ်တွင် ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုတို့၌ နိုဝင်ဘာ (၂၁)ရက်နေ့မှ ဒီဇင်ဘာ (၄)ရက်နေ့ထိ  (၁၄)ရက်ကြာ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)