ဘိုကလေး နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၆) အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းများအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများပြုလုပ်၍ ဒုတိယအကြိမ် မဲစာရင်းများအား ယနေ့နံနက်ပိုင်းကစတင်၍ ကြေညာထားရှိသည်။
အဆိုပါ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာရာတွင် ပထမအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်းအပေါ် အမည်စာရင်းမပါ၀င်သူများက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းခံခြင်း၊ မပါ၀င်သင့်သူများအား ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်များ မှားယွင်းမှုများအား ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း လုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ စိစစ်ဆောင်ရွက်ပြီးစီးခဲ့သည့် ဒုတိယအကြိမ် မဲစာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ ကပ်ထားကြေညာထားမည် ဖြစ်ကြောင်းနှင့် ပထမအကြိမ်မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၈၃၈၄၄) ဦးရှိပြီး ပြန်လည်စိစစ်ပြင်ဆင်မှုများကြောင့် ဒုတိယအကြိမ် မဲစာရင်းကြေငြာချက်အရ ဘိုကလေးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၉၅၀၉၉) ဦးရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)