ညောင်တုန်း နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ရွှေဟင်္သာကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေဟင်္သာကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများ ရရှိစေရန်၊ အချင်းချင်း အပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်နှင့် လူငယ်များ ဗလငါးတန် ပြည့်စုံ၍ အနာဂါတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုလို စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ဦးဆောင်၍ ကျောင်းသား/ ကျောင်းသူ များနှင့်အတူ လူငယ်နှင့် စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့်နည်းပညာ စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသော မေးခွန်းများနှင့် မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးနှင့် အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်အေးစုနန္ဒာက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးအကြောင်းအရာများ၊ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)