ဒေးဒရဲမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုအား ပြည်သူများလာရောက်ကြည့်ရှု

ဒေးဒရဲ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများ၏ပထမအကြိမ် ထုတ်ပြန် ကြေညာထားသည့် မဲစာရင်းများအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများပြုလုပ်၍ ထပ်မံကပ်ထားကြေညာထားသည့် ဒုတိယအကြိမ် မဲစာရင်းများအား ယနေ့နံနက်ပိုင်းကစတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌စတင်၍ ကပ်ထားကြေညာထားလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာရာတွင် ပထမအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်းအပေါ် အမည်စာရင်း မပါ၀င်သူများက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းခံခြင်း၊ မပါ၀င်သင့်သူများအား ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းမှုများအား ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းလုပ်ငန်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ စိစစ်ဆောင်ရွက်ပြီးစီးခဲ့သည့် ဒုတိယအကြိမ် မဲစာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ (၂၀၂၅) ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။

အေဇာလင်း