သာယာဝတီမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာ

သာယာဝတီ နိုဝင်ဘာ ၂၂         

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို အများပြည်သူကြည့်ရှုနိုင်‌ရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ယမန်နေ့နံနက်ပိုင်းကစ၍ ကပ်ထားကြေညာထားကြောင်းသိရသည်။

မဲဆန္ဒရှင်ပြည်သူများက ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို ထပ်မံ၍ ကပ်ထားကြေညာခြင်းဖြစ်သည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများပြသထားရှိမှုကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့ထိ ကြေညာထားမည်ဖြစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက  ရပ်ကွက်(၂၁)ရပ်ကွက်ကျေးရွာအုပ်စု(၄၈)အုပ်စုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်အမည်စာရင်းများကို ပြည်သူများ အလွယ်တကူကြည့်ရှုနိုင်ရန် စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိ‌ရေး ကြည့်ရှုစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝတီ