မြိတ်မြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် မဲစာရင်းများ ဒုတိယအကြိမ်ကြေညာ

မြိတ် နိုဝင်ဘာ ၂၂

မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်းများကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းမှ စတင်ကာ ဒုတိယအကြိမ်ကြေညာထားရှိသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာထားရှိမှုအား မိမိတို့၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် သွားရောက်ကြည့်ရှုပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင် လွှာတင်သွင်းခြင်း ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။

ရပ်ကွက်/ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျက်ရှိကြပြီး မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့ထိ (၁၄) ရက်ကြာ ကြေညာထားမည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရန်လိုအပ်သော ပုံစံများကိုလည်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်သည်။

ဒုတိယအကြိမ် မဲစာရင်းကြေညာထားရှိရာ၌ ရပ်ကွက်/ကျေးရွာများအလိုက် မဲစာရင်းများပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်းများကို စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတာဝန်ရှိသူများက မဲစာရင်းကြေညာထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)