နန်းယွန်း နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်၊ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုများအား ယနေ့နံနက်ပိုင်းက နန်းယွန်းမြို့ပေါ် (၃)ရပ်ကွက်များအတွင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး၊ ရဲမှူးခင်မောင်ထွေး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်၊ ကပ်ထားကြေညာခြင်းကို နိုဝင်ဘာလ(၂၁) ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့အထိ (၁၄) ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများကို ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နန်းယွန်းမြို့နယ်တွင် မဲရုံပေါင်း(၈၆)ရုံရှိပြီး ဒုတိယအကြိမ် ကပ်ထားကြေညာသည့်မဲဆန္ဒရှင် ဦးရေပေါင်း (၃၀၃၉၈) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)