လွိုင်ကော် နိုဝင်ဘာ ၂၁
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ယနေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ မြို့ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်မှုနှင့်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လောဓမ္မ၊ နမ့်ဘော်ဝမ်(က)နှင့် နမ့်ဘော်ဝမ်(ခ) ရပ်ကွက်နေပြည်သူများ သောက်သုံးရေလုံလောက်စွာရရှိနိုင်ရေး မိုင်းလုံးရေလှောင်ကန်မှပေးဝေနေသော ရေပိုက်လိုင်းအား ပိုက်လိုင်းသစ်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ရေပေးဝေနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်နေပြည်သူများရေလုံလောက်စွာ ရရှိအောင် ရေဖြန့်ဖြူးမှု စနစ်တကျဆောင်ရွက်ပေးရန်၊ နွေရာသီကာလတွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးလိုအပ်သည်များ ကြိုတင်စီမံထားရှိရန်နှင့် ရေလေလွင့်ဆုံးရှုံးမှုမရှိစေရေး ရေပိုက်လိုင်းများအား မပြတ်စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရပ်ကွက်အတွင်းနေအိမ်များသို့ ရေဖြန့်ဝေပေးမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးကာ ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာအလယ်တန်း လေ့ကျင့်ရေးကျောင်း(ထေးသမ)သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း ၈၀x၃၀ ပေ အုတ်ညှပ်တစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အခြားကျောင်းများတွင် ယာယီတက်ရောက်နေသည့် ကျောင်းသားကျောင်းသူများအား မိမိတို့ ရပ်ရွာရှိ ကျောင်းများတွင် ပြန်လည်တက်ရောက်နိုင်အောင်ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများနှင့် ကျောင်းသုံးပရိဘောဂများ ပြည့်စုံအောင် စီမံပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးသမရပ်ကွက်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်သူများ၏ နေအိမ်များပတ်ဝန်းကျင်နှင့် ရပ်ကွက်တွင်း လမ်းမများ၊ လမ်းသွယ်များ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် မြေထိန်းနံရံတည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ရှုခင်းသာ ပန်းခြံ ပန်းအလှပင်များ ပြုစုထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ မြေထိန်း နံရံအား ရေရှည်အသုံးပြုနိုင်အောင်ထိန်းသိမ်းရန်၊ မြေယာရှုခင်းပန်းအလှပင်များ စိမ်းလန်းစိုပြည် ရေး၊ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်အနားယူနိုင်ရေးနှင့် ပန်းပင်များ ပျက်စီးမှု၊ ဖျက်ဆီးမှု မရှိစေရေး စနစ်တကျ ထိန်းသိမ်းရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)