လွိုင်ကော် နိုဝင်ဘာ ၂၁
၂၀၂၅ ခုနှစ်၊ ကယန်းတိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ဌာနဆိုင်ရာများ၊ ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယန်းနှစ်သစ်ကူးနေ့ ပွဲတော်မုခ်ဦးအား ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကယန်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနားကို အနာဂတ်မျိုးဆက်သစ် တိုင်းရင်းသားလူငယ်များအနေဖြင့် မိမိတို့၏ နေ့ထူးနေ့မြတ်များကို အလေးထားပြီး ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်နှင့် မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း နိုင်ငံတော်အတွင်း မှီတင်းနေထိုင် ကြသည့် တိုင်းရင်းသားပြည်သူများကို လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ ခွဲခြားမှုမရှိဘဲ တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များအတွက် ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်း၍ အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ တည်ငြိမ်အေးချမ်း ခြင်း၏ အကျိုးကျေးဇူးကို ရရှိခံစားနေကြရပြီဖြစ်၍ ဖြစ်ပျက်ခဲ့သည့်အခြေအနေများကို သင်ခန်းစာယူပြီး ပြည်နယ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့်အချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုများဖြင့် အပြန်အလှန် ရိုင်းပင်းကူညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကယန်းနှစ်သစ်ကူးနေ့အခမ်းအနားအတွက် ချီးမြှင့် ငွေများပေးအပ်ရာ ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။
ထို့နောက် ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌက ကယန်းနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်တို့အား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဒေါဆန်းဘွန်းကျေးရွာ ယဉ်ကျေးမှုအကအဖွဲ့၊ ကယား စာပေနှင့်ယဉ်ကျေးမှုအကအဖွဲ့၊ ရွှေကျောင်းကယန်းယဉ်ကျေးမှုအကအဖွဲ့နှင့် ကယန်းဗုံပုလွေတူရိယာအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ရာ ယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်အသီးသီးက လက်ခံရယူကြသည်။
ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က အားကစားနှင့်ကာယပညာသိပ္ပံအကအဖွဲ့၊ ပအိုဝ်း ယဉ်ကျေးမှုအဖွဲ့၊ ကယန်းရိုးရာတူရိယာအဖွဲ့၊ လင်ဖုံလေးရှမ်းယဉ်ကျေးမှုအဖွဲ့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း အကအဖွဲ့၊ ကုန်းသာကျေးရွာယဉ်ကျေးမှုအကအဖွဲ့၊ ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့၊ တေးသံရှင်များနှင့် တီးဝိုင်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကယန်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် နိုင်ငံကျော်တေးသံရှင်များ၏ တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေမှုကို ပွဲတော်လာပရိသတ်များက တစ်ခဲနက်ကြည့်ရှုအားပေးခဲ့သည်။
ကယန်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်သည် ကယန်းလူမျိုးတို့၏ ၁၂ လရာသီတွင် နှစ်တစ်နှစ်၏ ပထမဦးဆုံးလဖြစ်သည့် နတ်တော်လဆန်း ၁ ရက်နေ့တွင် ကျရောက်ပြီး ပွဲတော်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)