ပုလောမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိ

ပုလော နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁) ၊ ပုံစံ(၁- က)များကို နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက် ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့် သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက် ခြင်း၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါကပုံစံ (၄-ဂ)ဖြင့်ပြင်ဆင်လွှာတင်သွင်းခြင်းများ ကိုဆောင်ရွက် ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာခြင်း ဆောင်ရွက်နေမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုလျက်ရှိကြောင်းနှင့် အဆိုပါမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို ပုလောမြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာအုပ်စု (၁၉) စုတို့တွင် နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၄)ရက်နေ့ထိ (၁၄)ရက်ကြာ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)