ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ပဲခူး နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှုးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက ပဲခူးတိုင်းဒေသကြီးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ ကြီးကြပ်လမ်းညွှန်မှုအတိုင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးအတွက် ဒေသအရောက် ဈေးနှုန်းများအပေါ် ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသောလုပ်ဆောင်မှုများ ပြုလုပ်နေသည်ကိုတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ လက်ကားကိုယ်စားလှယ်များအနေဖြင့် လက်ကား/လက်လီ စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်နှင့် အရည်အသွေးမှန် စသည့်မှန်(၆)မှန်ဖြင့် ပြည်သူများထံသို့ စားအုန်းဆီများ ပျံ့နှံ့ရောက်ရှိစေရေး၊ မှန်မှန်ကန်ကန်ဖြန့်ဖြူးရောင်းချပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌမှ အထက်အကြီးအကဲများကလည်း ပြည်သူသုံးစားအုန်းဆီများကို ပြည်သူထံအပြည့်အဝရောက်ရှိစေရေး လမ်းညွှန်မှုပြုသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းသို့ စားအုန်းဆီဖြန့်ဖြူးပေးသည့် ကုမ္ပဏီများ၊ လက်ကား/လက်လီကိုယ်စားလှယ်များအနေဖြင့်လည်း ဖြန့်ဖြူးရောင်းချပေးသည့် စားအုန်းဆီမျာကို ရပ်ကွက်၊ ကျေးရွာများရှိ သတ်မှတ်နေရာများအရောက် အိမ်ထောင်စုအလိုက် ဖြန့်ဖြူးရောင်းချပေးကြစေရေးနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြရာ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ လေ့လာစောင့်ကြည့်သုတေသနအဖွဲ့ခေါင်းဆောင် ဦးပိုင်ဖြိုးသန့်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဖြန့်ဖြူးသည့်ကုမ္ပဏီများ၊ လက်ကား/လက်လီကိုယ်စားလှယ်များ စုစုပေါင်း(၁၄၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)