မြိတ် နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ စားသောက်ကုန် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်အတွက် တန်ဖိုးမြင့်စားသောက်ကုန် (ယို၊ဖျော်ရည်နှင့်ဝိုင်) ထုတ်လုပ်မှု နည်းပညာသင်တန်းကို နိုဝင်ဘာ (၂၁) ရက် နံနက်ပိုင်းက မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သည်။
သင်တန်းတွင် အစားအစာများပျက်စီးရခြင်း၊ အစားအစာများ တာရှည်ခံပြုပြင်ထုတ်လုပ်နည်းများ၊ အစားအသောက်ထုတ်ပိုးခြင်း၊ အစားအစာသန့်ရှင်းစင်ကြယ်ရေးစီမံမှု နည်းစနစ်များအကြောင်း၊ သစ်သီးယိုအမျိုးမျိုး၊ (၁၀ဝ) ရာခိုင်နှုန်း သစ်သီးဖျော်ရည်စစ်စစ်၊ သစ်သီးဂျယ်လီ၊ သစ်သီးဝိုင်၊ သီးနှံအကြော်အလှော်များ စုစုပေါင်းဘာသာရပ် (၁၅) မျိုးကို သင်တန်းနည်းပြ (၂) ဦးမှ စာတွေ့(၃၀) ရာခိုင်နှုန်းနှင့် လက်တွေ့ (၇ဝ) ရာခိုင်နှုန်းအပြင် ပြင်ပဘာသာရပ်များအနေဖြင့် ကုန်အမှတ်တံဆိပ်များနှင့် စားသုံးသူများအကြောင်း သိကောင်းစရာတို့ကို သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်နန်းနန်းက သင်တန်း ဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရာများနှင့် စပ်လျဉ်း၍ပြောကြားသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီအောင်က သင်တန်းသင်ထောက်ကူပစ္စည်းများကို သင်တန်းသူများအား ပေးအပ်သည်။ သင်တန်းဖွင့်ပွဲအပြီးတွင် တက်ရောက်လာကြသူများက သင်တန်းသင်ထောက်ကူပစ္စည်းများအား ကြည်ရှုအားပေးကြသည်။
အဆိုပါသင်တန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကို နိုဝင်လာ (၂၁) ရက်မှ (၂၅) ရက်အထိ (၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းသူ/သင်တန်းသား (၂၀) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းတက်ရောက်ကြသည့် သင်တန်းသူများအား အသေးစားကုန်ထုတ်လုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ပြီး လုပ်ငန်းရှင်တစ်ဦးဖြစ်လာသည်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ နည်းပညာများ ထပ်မံလိုအပ်ပါကလည်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)