ပန်းတောင်းမြို့နယ် အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပန်းတောင်း နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ) သုံးထပ်ဆောင်ခန်းမတွင်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်အောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ သိရှိနားလည်ထားသင့်အကြောင်းအရာများနှင့် လွယ်ကူလျင်မြန်စွာဆန္ဒပြုနိုင်ရေးအတွက် ဆောင်ရွက်သင့်သည်များကိုပြောကြားခဲ့ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၂) ဦးအောင်ကျော်မြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ယုကြည်ကြည်တို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တွင်ပါဝင်သည့် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးဖော်ပြချက်စသည့် အပိုင်း (၃) ပိုင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများကို လက်တွေ့စမ်းသပ်မဲပေးစေခြင်းများပြုလုပ်ခဲ့ပြီး၊ စက်မှုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးမျိုးကိုကိုနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ၊ မိသားစုဝင်များ၊ စုစုပေါင်း( ၂၃၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)