တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၃၆) နှစ်မြောက် ကမ္ဘာ့ကလေးများနေ့အခမ်းအနားသို့ တက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၁

(၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

(၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို အပြည်ပြည်ဆိုင်ရာစာချုပ်အဖြစ် အတည်ပြုပြဌာန်းခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့၊ ကမ္ဘာ့ ကလေးများနေ့ (World Children Day) အဖြစ် သတ်မှတ်ခဲ့ပြီး ကလေးများကိုယ်တိုင် ပါဝင်သည့် အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်း ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ်ပေးပို့လာသည့်ဆောင်ပုဒ်မှာ နေ့စဉ်အခွင့်အရေးများမြှင့်တင်ရေး၊ ကလေးများအသံနားထောင်ပေး Listen to Children: my day, my rights ဖြစ်သည့်အတွက် ကမ္ဘာပေါ်ရှိ ကလေးများအားလုံးကို ရှင်သန်၊ ဖွံ့ဖြိုးမှုများရရှိနိုင်စေရေး အဘက်ဘက်မှ ကာကွယ်စောင့်ရှောက်ပေးပြီး ကလေးများအရေးကို ကလေးတို့ကိုယ်တိုင်ပါဝင် ဆောင်ရွက် ခွင့်ရရှိစေရန် ကလေးများ၏အသံကို ဂရုပြုနားထောင်၍ ကလေးသူငယ်များ အနာဂတ် သာယာကောင်းမွန်စေရန် ဖန်တီးပေးနိုင်ရေးရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကလေးများအားလုံး အခွင့်အရေးများ ရရှိခံစားနိုင်ရန်၊ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ၏ အနာဂတ်သာယာလှပစေရေးဦးတည်ပြီး သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိဘများအားလုံး ပါဝင် ဆောင်ရွက်ပေးကြရန်တိုက်တွန်း လှုံ့ဆော်ထားခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ကလေးသူငယ်များအပေါ် တည်မှီနေသည့်အတွက် ၄င်းတို့၏ပညာရေး၊ ကျန်းမာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဂရုပြုအလေးထားဆောင်ရွက်ရန် လိုအပ်သကဲ့သို့  ကလေးများအတွက် ပိုမိုကောင်းမွန်ပြီးလုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် လိုအပ်လှပါကြောင်း၊ ကလေးများ၏ မွေးရာပါအခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ကလေးသူငယ်အခွင့်အရေးများကို ဌာနဆိုင်ရာများ၊ မိဘများနှင့် ပြည်သူတစ်ရပ်လုံးသိရှိဖြည့်ဆည်းပေးပြီး ကလေးတိုင်း အကြားအလပ်မရှိ အခွင့်အရေးများ တန်းတူရရှိနိုင်ဖို့အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့် စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုပါကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သည့် မှတ်တမ်းဗီဒီယိုနှင့် ပုသိမ်မူလတန်းကြိုကျောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ ပုသိမ်ကလေးပြုစုရေးဌာနမူလတန်းကြိုကျောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် မူလတန်းကြိုကျောင်းနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ္ဘာ့ကလေးများနေ့အကြို စာစီစာကုံးပြိုင်ပွဲ အခြေခံပညာအထက်တန်းအဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများနှင့် ကပြဖျော်ဖြေသည့်ရင်သွေးငယ်များ အားဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ကမ္ဘာ့ကလေးများနေ့အကြို စာစီစာကုံးပြိုင်ပွဲ အခြေခံပညာအလယ်တန်းအဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများနှင့် ကပြဖျော်ဖြေသည့်ရင်သွေးငယ်များအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် အနောက်တောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကပြဖျော်ဖြေသည့် ရင်သွေးငယ်များအား ဂုဏ်ပြုလက်ဆောင်များကို အသီးသီး ဆက်လက်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မရမ်းချိုကျောင်း ပရိယတ္တိစာသင်တိုက်နှင့် ဓာတုဝိဇ္ဇာပရိယတ္တိ ပဋိပတ္တိကျောင်းတိုက်များ၏ ပဓာန မဟာနာယက ဘဒ္ဒန္တသောဘိတ (မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) သက်တော်ရှည်ဆရာတော်ဘုရားကြီး၏ (၈၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားအား တက်ရောက်ဖူးမြှော်ကြည်ညို၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးတို့က လှူဖွယ်ဝတ္တုငွေနှင့် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးအမှူးပြုသော ရဟန်း၊ သာမဏေအပါး (၃၀၀) တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)