တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အဋ္ဌမအကြိမ်် ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်

ထားဝယ်    နိုဝင်ဘာ ၂

၁၃၈၇ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့တွင်ကျရောက်သည့် ထားဝယ်တိုင်းရင်းသားတို့၏ အဋ္ဌမအကြိမ်ထားဝယ်အမျိုးသားနေ့အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းက ထားဝယ်မြို့ တလိုင်းမရပ် ကမ်းနားလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဦးစွာ ထားဝယ်လူမျိုးစုစည်းမှုကော်မတီရုံးမှတစ်ဆင့် မြို့ပတ်လမ်းအတိုင်းသယ်ဆောင်လာသော ထားဝယ်အမျိုးသားအလံတော်အား ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)အဖွဲ့က စင်မြင့်ထက်တွင်စိုက်ထူပြီး ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒေသခံများက အလံတော်အားအလေးပြုသည်။

ထို့နောက် ထား၀ယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)နာယကဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ (ရတနာ၊ ထား၀ယ်)နှင့် တိုင်းဒေသကြီးသံဃနာယကအဖွဲ့(ကူးတို့)၊ ဂဏဝိမုတ်ကူးတိုဂိုဏ်း အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဇေယျ၀တီစာသင်တိုက် တိုက်ကြပ်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တနန္ဒဝံသတို့က သြဝါဒကထာမြွက်ကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့လာသောသ၀ဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က ဖတ်ကြားကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားသည်။

ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်ဇနီးမှ ထားဝယ်အမျိုးသားနေ့အတွက်လှူဒါန်းသော ငွေကျပ်(၇၅) သိန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကပေးအပ်ရာ ထားဝယ်လူမျိုး စုစည်းမှုကော်မတီ(ဗဟို)ဥက္ကဋ္ဌကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ထို့နောက် ထားဝယ်အမျိုးသားစွမ်းဆောင်ရည်ဆုရရှိသည့် ဇောတိကာရုံကျောင်းတိုက်ဆရာတော်၊ ဘဒ္ဒန္တနာရဒနှင့်ဦးအောင်စိုး(သင်္ဂဟ)တို့အား ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)ဥက္ကဋ္ဌ ဦးအောင်မျိုးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ထားဝယ်အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အခမ်းအနား ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ ကော်မတီ(ဗဟို) အထွေထွေအတွင်းရေးမှူးဦးညွန့်ဝင်းက ထားဝယ်အမျိုးသားနေ့အခမ်းအနားကျင်းပနိုင်သည့် အတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များက ရေအိုးရွက်အက၊ တစ်ပင်တိုင်အက၊ ယမ်းအက တေးသီချင်းများဖြင့် သီဆိုဧည့်ခံ ကပြဖျော်ဖြေသည်။

ထို့သို့ထားဝယ် အမျိုးသားနေ့အခမ်းအနားသို့လာရောက်ကြည့်ရှုသူများအား ဂီတအနုပညာများ ခံစားကြည့်ရှုနိုင်စေရန်အတွက်  ထားဝယ်ဂီတအနုပညာရှင်များနှင့် ဝါသနာရှင်များက စတိတ်ရှိုး၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ညလုံးပေါက် သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိပြီး ကမ်းနားလမ်း တစ်လျှောက်တွင် ဈေးရောင်းပွဲတော်၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)