ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ဧက ၁၂၀၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံမျိုးစုံစိုက်ပျိုးကြရာ ပဲမျိုးစုံ ဧက ၁၂၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရန် ၁၉၇၉၃ ဧကလျာထားပြီး ယနေ့အချိန်ထိ ၁၂၁၅၄ ဧက (၆၁ ဒသမ ၄၁) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်သည်။

 “ ဒီနှစ်ဆောင်းရာသီမှာ ပဲမျိုးစုံစိုက်ပျိုးဖို့ ဧက ၁၉၀၀၀ ကျော်လျာထားပါတယ်။ လက်ရှိအချိန်မှာ ဧက ၁၂၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ တစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြပြီး ကုလားပဲသီးနှံကို လယ်ရိတ်သိမ်းပြီး သီးထပ်အဖြစ်စိုက်ပျိုးကြပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ဧက ၆၄၁၀ ၊ ထောပတ်ပဲ ၁၈ ဧက၊ ကုးလားပဲ ၁၈၆ ဧက၊ စားတော်ပဲ ၃၄၉၆ ဧက၊ စွန်တာပြာ ၁၈၅၆ ဧက၊ ပဲရာဇာ ၁၈၈ ဧက စုစုပေါင်း ၁၂၁၅၄ ဧက ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)