ထားဝယ်ခရိုင်ပြည်သူ့စာကြည့်တိုက်အတွက်စာအုပ်များလှူဒါန်းပွဲအခမ်းအနားကျင်းပ

ထားဝယ်   နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က စာဆိုတော်နေ့အထိမ်းအမှတ် စာအုပ်များလှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီးမန်နေဂျာဦးဇော်နိုင်လင်း က ယနေ့ကျရောက်သည့် စာဆိုတော်နေ့၌မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ရုံးများတွင် စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် MPT ဝန်ထမ်းများစုပေါင်း၍ စာအုပ်များစုပေါင်းလှူဒါန်းပွဲ  ကျင်းပလျက်ရှိကြောင်း၊ အများပြည်သူများအကြား စာပေဖတ်ရှုခြင်းအလေ့အထများ တိုးတက်လာစေရန်၊ လူငယ်များအကြားတွင် စာဖတ်ရှိန်မြှင့်တင်နိုင်စေရန်၊ စာအုပ်စာပေများ အတူတကွ စုပေါင်းလှူဒါန်းခြင်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုဓလေ့(Practise)များ တိုးတက်လာစေရန်   အတွက်  ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးမန်နေဂျာက ထားဝယ်ခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်(၂၃၇)အုပ်အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှူး ဒေါ်ယဉ်ယဉ်နု က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး က ဌာနမှဆောင်ရွက် လျက်ရှိသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအားရှင်းလင်းပြောကြားပြီး စာအုပ်များ လှူဒါန်းသည့်အတွက်  ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)