ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ကဝ နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပင်ကလောင်၊ သုံးခွ၊ ရစ်ကံ၊ မွေပွေးကုန်း၊ သံဒင်း၊ နိဗ္ဗာန်၊ အဒူးနှင့် ဘလောက်ကျေးရွာများတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့်ပုံစံ (အပိုင်းလိုက်) တို့ကို ရှင်းလင်းပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း သိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းနှင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ် မဲပေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလာဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေးပြီး မဲရလာဒ်မှန်၊ မမှန် စိစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့ (၄) ဖွဲ့ခွဲ၍ ကဝမြို့နယ်အတွင်း နယ်မြေဒေသများတွင် တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)