ပန်းတောင်းမြို့နယ်၌ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပန်းတောင်း နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ အလင်္ကာခန်းမတွင် ယနေ့နံနက် (၉) နာရီက မြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိဆရာတော် ကေလာနန္ဒ ကလောင်အမည် မင်းယုခိုင် (ပန်းတောင်း)မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး စာရေးဆရာမောင်တည်ခိုင် (ပန်းတောင်း) မှ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ခွန်နေဒူး (သနီမြေ) မှ မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုမှ ပေးပို့သော (၈၁) နှစ်မြောက်စာဆိုတော်နေ့ သဝဏ်လွှာကို ဖတ်ကြားတင်ပြခဲ့ပြီး တက်ရောက်လာကြသောဧည့်သည်တော်များနှင့် စာရေးဆရာများက ကွယ်လွန်ပြီးဖြစ်သော မြို့နယ်စာရေးဆရာအသင်း၏ ဂုဏ်ပြုခံပုဂ္ဂိုလ်များအား တစ်မိနစ်ခန့်ငြိမ်သက်ဂါရဝပြုခဲ့သည်။

ဆက်လက်၍ စာဆိုတော်နေ့ဖြစ်ပေါ်လာပုံအကျဥ်းကို မြို့နယ်စာရေးဆရာအသင်းအမှုဆောင် ဦးခင်မောင်အေးဝင်း (ကိုကြီး-ပန်းတောင်း) မှလည်းကောင်း၊ စာစီစာကုံးဆုရွေးချယ်ပုံနှင့် ပတ်သက်၍ မြို့နယ်စာရေးဆရာအသင်းအမှုဆောင် ကိုအောင်နွေဦးမှလည်းကောင်း၊ ကဗျာဆုရွေးချယ်ပုံနှင့်ပတ်သက်၍ မြို့နယ်စာရေးဆရာအသင်းအမှုဆောင် ဦးလှိုင်ဝင်း (စစ်ရင်သွေး-ပန်းတောင်း) မှလည်းကောင်း ရှင်းလင်းတင်ပြကာ ၁၃၈၆ ခုနှစ် နတ်တော်လဆန်း (၁) ရက် စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲဝင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)