ပဲခူး နိုဝင်ဘာ ၂၀
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက်ပိုင်းက (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့၊ မူလတန်းကြို (၂) မှ သားငယ်/သမီးငယ်လေးများက “ပြည်ထောင်စုကြီး ထာဝရတည်တံ့စေသား” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးသူငယ်များဟာ အနာဂတ်ကို ပုံဖော်ထုဆစ်မည့်သူများဖြစ်၍ နည်းမှန်လမ်းမှန်ဖြင့် ငယ်စဉ်ကတည်းက စနစ်တကျ ပြုစုစောင့်ရှောက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ကလေးသူငယ်များကို နိုင်ငံတော်က အားထားရတဲ့ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ကြီးပြင်းလာစေရန်အတွက် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ကို အပြည့်အဝရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ကလေးသူငယ်များအတွက် ကျန်းမာရေးဆိုင်ရာအခွင့်အရေး၊ ပညာရေးဆိုင်ရာအခွင့်အရေး၊ ကလေးလူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ မသန်စွမ်းကလေးသူငယ်များ/ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း စသည့်အခွင့်အရေးများကို ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အသင်းအဖွဲ့များမှ ပူးပေါင်းဖော်ဆောင်ပေးသွားရမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်အတိုင်း ကလေးသူငယ်များ၏ စကားသံများကို များများနားထောင်ပြီး ကလေးသူငယ်တစ်ဦးချင်းစီတိုင်း၏ လိုအပ်ချက်များဖော်ဆောင်ပေးခြင်း၊ အခွင့်အရေးမြှင့်တင်ပေးခြင်းနှင့် အကျိုးစီးပွားရရှိခံစားနိုင်စေရေး ဝိုင်းဝန်းဖော်ဆောင်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “ပြည်ထောင်စုသွေး” သီချင်းဖြင့် အသီးသီး ကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနား တက်ရောက်လာသကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)