မကွေး နိုဝင်ဘာ ၁၉
မကွေးတိုင်း ဒေသကြီးအတွင်း ရှိစားအုန်းဆီ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီများ၊ လက်ကား လက်လီကိုယ်စားလှယ်များ၊ MSME လုပ်ငန်းရှင်များ စုစုပေါင်း ၂၆၀ ကျော် တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက မကွေးတိုင်းဒေသကြီးအနေဖြင့် စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနဲ့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လမှစပြီး စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ လက်ကား/လက်လီကိုယ်စားလှယ်များသို့ တိုက်ရိုက်ဖြန့်ဖြူးသည့်စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် မိမိတို့၏လက်ကားကိုယ်စားလှယ်များကိုလည်းကောင်း၊ လက်ကားကိုယ်စားလှယ်များမှ လက်လီအရောင်းဆိုင်များကို အဆင့်ဆင့် တာဝန်ခံရောင်းချစေခဲ့ရာမှာ ယခင်က ဈေးကားများနဲ့ တန်းစီတိုးဝှေ့ ဝယ်ယူရတဲ့ အခြေအနေကနေ ယခုအချိန်မှာဆိုရင် အိမ်ထောင်စုစာရင်းများနဲ့ စိစစ်ပြီး ဆီဝယ်ယူခွင့်စာအုပ်များနဲ့ အပတ်စဉ် ဝယ်ယူရရှိရေး စီစဉ်ဆောင်ရွက်စေခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအနေနဲ့လည်း ခွဲဝေရရှိတဲ့ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနဲ့ ပြည်သူများ ဝယ်ယူရရှိမှု ရှိ/ မရှိ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များနဲ့လည်း လစဉ်ကွင်းဆင်းစစ်ဆေး ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ကား၊ လက်လီကိုယ်စားလှယ်များအနေဖြင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများအား စနစ်တကျဆောင်ရွက်စေရန်၊ ဖြန့်ဖြူးရောင်းချရာတွင် ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်စေရေး၊ ပျက်ကွက်ခြင်းနှင့် မသမာမှု ဆောင်ရွက်ခြင်းများ မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေး သတ်မှတ်ပမာဏအတိုင်း ဖြန့်ဖြူးရောင်းချနိုင်ရေး ကြီးကြပ်ကွပ်ကဲရန် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ထားကြောင်း၊ ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစပြီး တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ MSME လုပ်ငန်းများဖြစ်တဲ့ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများအတွက် လိုအပ်တဲ့ လုပ်ငန်းသုံးဆီများကိုလည်း ရာနှုန်းပြည့် ခွဲဝေရရှိပြီးဖြစ်တဲ့အတွက် မိမိလုပ်ငန်းများမှာ အမှန်တကယ်အသုံးပြုကြဖို့နဲ့ ပြည်သူဆီဖြန့်ဝေတဲ့ဆီများကို ပြန်လည်ဝယ်ယူတာမျိုး မလုပ်ဖို့နှင့် ပြည်သူအတွက်ဖြန့်ဝေသည့်ဆီများ ပြည်သူ့လက်ဝယ် မှန်မှန်ကန်ကန် ရောက်ရှိရေး၊ စက်မှုလုပ်ငန်းများအတွက် ဝယ်ယူရရှိတဲ့ ဆီများကိုလည်း လုပ်ငန်းများတွင် မှန်မှန်ကန်ကန် သုံးစွဲကြဖို့ ပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူး ရောင်းချခြင်းကြီးကြပ်ရေးကော်မတီ တွဲဖက်အတွင်းရေမှူး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးသန့်စင်က စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်က မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ဖြန့်ဖြူးရန်အတွက် တစ်လ စားအုန်းဆီတန်ချိန် (၂၀၀၀) ခွဲဝေရရှိမှုအပေါ် ခရိုင်အလိုက်/ မြို့နယ်အလိုက်၊ လအလိုက် ဖြန့်ဖြူးမယ့်စာရင်းကို လူဦးရေနှင့် နယ်မြေအခြေအနေအပေါ် မူတည်၍ လစဉ်ပြောင်းလဲသတ်မှတ်ပေးပြီး၊ သတ်မှတ်ရည်ညွှန်းအတိုင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပြီး၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာမှု ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ၊ မရှိ၊ ဆက်စပ်ဌာနများ အသင်းအဖွဲ့များ၊ စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်ပူးပေါင်း၍ စိစစ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)