တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကော့သောင်းခရိုင်အတွင်း မတ်ပဲနှင့်အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်

ကော့သောင်း   နိုဝင်ဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း‌ဒေသကြီး၊ ခရိုင်၊ မြို့နယ်မှဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ၁၈ရက် နံနက်ပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပသည့် ကော့သောင်းခရိုင်အတွင်း ဆောင်းသီးနှံမတ်ပဲနှင့်အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။

မျိုးစေ့ပေးအပ်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် သီးနှံများအထွက်တိုးတက်ရေးနှင့် အဓိကသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းများရရှိရေး အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပတင်ပို့ရေးအတွက် မိုးစပါးအပြီး လယ်မြေများတွင် ဒေသနှင့်ကိုက်ညီသည့် သီးထပ်သီးနှံများ စိုက်ပျိုးရန် လိုအပ်ပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် စံပြစိုက်ခင်းများ ဆောင်ရွက်ကာ မျိုး၊ မြေ၊ ရေ၊ နည်းစသည့် လိုအပ်ချက်များကိုလည်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးမည့် တောင်သူများထံ ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆန်စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရာ၌ "မျိုးမှန်မှ အဖိုးတန်မည်"ဆိုသည့်အတိုင်း မျိုးကောင်းမျိုးသန့်ရရှိမှသာ အထွက်နှုန်းတိုးတက်လာမည်ဖြစ်သဖြင့် မျိုးပြောင်းစိုက်ပျိုးခြင်း၊ အခြောက်ခံစက်နှင့်မျိုးသန့်စက်ကိရိယာများ တည်ဆောက်အသုံးပြုခြင်းဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေး လိုအပ်သည်များပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကော့သောင်းခရိုင်အတွင်းရှိ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး သီးထပ်ဧကများ တိုးတက်ရရှိကာ သီးထပ်စွမ်းအားတိုးတက်နိုင်ရန်နှင့်  တောင်သူများ၏ သီးနှံများအထွက်နှုန်းတိုးတက်ရရှိရန်အတွက် မိမိတို့ ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မတ်ပဲနှင့် အစေ့ထုတ်ပြောင်း မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း၊   နွေစပါး၊မိုးစပါးစိုက်ပျိုးပြီးစီးသည့် မြေနေရာ၌ ယခုပေးအပ်သည့် မတ်ပဲ၊ အစေ့ထုတ်ပြောင်း စသည့် သီးထပ်သီးနှံများ စမ်းသပ်စိုက်ပျိုးစေလိုကြောင်း၊ ဥယျာဉ်ခြံစိုက်ပျိုးသူ တောင်သူများ လူနေမှုဘဝမြင့်မားပြီး အပိုဝင်ငွေရရှိရန်အတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော်ဖီနှင့် ကိုးကိုးပျိုးပင်များအခမဲ့ဖြန့်ဝေပေးအပ်ခဲ့ပြီးဖြစ်ရာ တောင်သူများအနေဖြင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က ၂၀၂၅-၂၀၂၆  မဘဏ္ဍာရေးနှစ် ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်၊မြို့များမှ  ဆောင်းသီးနှံ မတ်ပဲနှင့်အစေ့ထုတ်ပြောင်း စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အကျိုးဆောင်တောင်သူများအား ဆောင်းသီးနှံမတ်ပဲနှင့် အစေ့ထုတ်ပြောင်းများပေးအပ်ရာ  မတ်ပဲမျိုးစေ့စိုက် အကျိုးတောင်တောင်သူ (၃၆)ဦးအား မတ်ပဲမျိုးစေ့(၃၉)တင်း၊  အစေ့ထုတ်ပြောင်းစိုက် အကျိုးဆောင်တောင်သူ(၈)ဦးအား အစေ့ထုတ်ပြောင်း မျိုးကောင်းမျိုးသန့် (၇၅)ကီလိုတို့ကို ပေးအပ်ခဲ့ကြသည်။ ယင်းနောက်  အကျိုးဆောင်တောင်သူများ ကိုယ်စားတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍  ကျောက်ကပ်သန့်စင်စက်ထားရှိနိုင်ရေးဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှု၍  လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ယင်းနောက် ကော့သောင်းမြို့ အထက(ခွဲ) အလက(၂)ကျောင်း၌  မဲရုံမှူး၊ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)