ညောင်တုန်း နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကဇန်းလမိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ရိုးကြီးကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးနှင့် အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များစသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နွယ်နီမြင့်က သဘာဝဘေးအမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ဘေးအန္တရာယ်များဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့် အသိပညာပေး နယ်လှည့် နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)