ထားဝယ်မြို့၌ မဲဆန္ဒနယ်ပြင်ပရှိ ကျောင်းများတွင် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

ထားဝယ် နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်း နေထိုင်ကြပြီး မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်၍ ကျောင်းတက်ကြမည့် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများသည် မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာသတ်မှတ်နေရာများတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည်။

တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေး ကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူနိုင်ပြီး မိမိဆန္ဒအလျောက် နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်း၌ ဆန္ဒမဲပေး၍ သက်ဆိုင်ရာလွှတ်တော်အသီးသီးရှိ မဲပုံးများတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည်။

မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား/ ကျောင်းသူများအနက် ရွေးကောက်ပွဲ စတင်ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်တွင် အသက် (၁၈) နှစ် ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ကျောင်းများသို့မသွားရောက်မီ မိမိတို့၏မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့် အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာထားရှိကြောင်း သိရသည်။

ထားဝယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တက္ကသိုလ်ကျောင်းသား/ကျောင်းသူတွေ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနေမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ထားဝယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ငွေဇင်ယော်(ပြန်/ဆက်)