ဘုတ်ပြင်း နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း နေထိုင်ကြပြီး မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်၍ ကျောင်းတက်ကြမည့် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများသည် မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အောင်မင်္ဂလာရပ်ကွက်ရှိ ပုလဲရွှေရည်ခန်းမတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူနိုင်ပြီး မိမိဆန္ဒအလျှောက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်း၌ ဆန္ဒမဲပေး၍ သက်ဆိုင်ရာ လွှတ်တော်အသီးသီးရှိ မဲပုံးများတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည်။
မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား/ ကျောင်းသူများအနက် ရွေးကောက်ပွဲစတင်ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်တွင် အသက် (၁၈) နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ကျောင်းများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာထားရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူတွေ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနေမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
မြို့နယ် (ပြန်/ဆက်)