ဖျာပုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ဖျာပုံ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အ.ထ.က(၃) ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က(၃) ကျောင်းမြမဥ္ဇူခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 လူရည်ချွန် မနွေးနွေးလှိုင်(နှစ်ထပ်ကွမ်း)နှင့် Grade-12 လူရည်ချွန်မောင်ဘုန်းမင်းပြည့်တို့ကို မြို့အတွင်းလှည့်လည် ဂုဏ်ပြုကြပြီးနောက် အ.ထ.က(၃)ကျောင်း မြမဥ္ဇူခန်းမတွင် ဂုဏ်ပြုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူကလေးများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ” တေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေကြပြီးနောက်တွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 လူရည်ချွန် မနွေးနွေးလှိုင်(နှစ်ထပ်ကွမ်း)နှင့် လူရည်ချွန် မောင်ဘုန်းမင်းပြည့်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားဟောင်းများ၊ လုပ်ငန်းရှင်းများ၊ အလှူရှင်များက ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 လူရည်ချွန် မနွေးနွေးလှိုင်(နှစ်ထပ်ကွမ်း)အား ဂဠုန်မင်း စိန်၊ ရွှေ၊ ရတနာဆိုင်မှ သီဟသုဓမ္မသိင်္ဂီ ဒေါ်အေးအေးသက်က တက္ကသိုလ်ပညာသင်ဆုအဖြစ် ကျပ်သိန်း(၁၀၀)ကိုလည်းကောင်း အသီးသီးဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် လူရည်ချွန်ဆုနှင့် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်အောင် သင်ကြားပေးခဲ့ကြသော ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြပြီးနောက် အ.ထ.က(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီလွင့်နှင့်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများက ကျေးဇူတင်စကားပြန်လည်ပြောကြားကြပြီး ကျောင်းသား၊ ကျောင်းသူကလေးများက “တို့ကျောင်းတော်” တေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်၊ ပြန်/ဆက်)