သရက်ချောင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

သရက်ချောင်း နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦး‌အောင်မြင့်သိန်းက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်း၊ မျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ မြို့နယ်အတွင်းတောင်သူများအနေဖြင့် ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ)တို့ကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဧကအထွက်နှုန်းတိုး၍ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိပြီး တစ်ဖက်တစ်လမ်းမှအထောက်အကူ ဖြစ်နိုင်ကြောင်း၊ ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ)တို့ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများအပြင်၊ မျိုး‌‌ကောင်း၊ မျိုးသန့်၊ မျိုး‌စေ့များကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက တက်ရောက်လာသူများအား ၂၀၂၅ခုနှစ်၊ ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ) စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းရည်ရွယ်ချက်အား ရှင်လင်းပြောကြားသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦး‌အောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက တောင်သူများအား မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာမျိုးစေ့များအား ပေးအပ်ကာ အခမ်းအနားရုပ်သိမ်းလိုက်‌ကြောင်း၊ မြို့နယ်အတွင်းရှိ တောင်သူများအား (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အတွက် မတ်ပဲမျိုးစေ့ (၂၅) တင်း၊ အစေ့ထုတ်ပြောင်း (၇၅) ကီလို၊ မြေပဲ (၆) တင်း၊ နေကြာ (၃၀) ကီလိုတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)