ရှားတောမြို့နယ်၌ နယ်စပ်မှဝင်ရောက်လာသော ခရီးသွားများအား ကျန်းမာရေးစစ်ဆေး

ရှားတော မတ် ၂၀

ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ကြိုတင်တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်၍ ကယား ပြည်နယ်၊ ရှားတောမြို့နယ် စျေးပိုင်းရပ်ကွက်(ကယားပိုင်း)တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်(လ.ဝ.က)နှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ ဘီဘီ-၉ (ထိုင်းနယ်စပ်)မှ ဝင်ရောက်လာသော ခရီးသည်များအား ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) သံသယလူနာများ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ သည်။

ထိုသို့စစ်ဆေးရာတွင် ဘီဘီ-၉(ထိုင်းနယ်စပ်)မှ မော်တော်ယာဉ်(၂)စီးဖြင့် ဝင်ရောက်လာသော ခရီးသည်(၃၀)ဦးနှင့် မော်တော်ဆိုင်ကယ်(၄)စီးဖြင့် ဝင်ရောက်လာသော ခရီးသည်(၄)ဦး စုစုပေါင်း (၃၄)ဦး ဝင်ရောက်လာကာ ရာသီဥတုပူပြင်းသည့်အတွက် ခရီးသည်များအား အရိပ်အောက်တွင် (၁၅)မိနစ်ခန့် အနားပေးသည်။ ထို့နောက် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းကိရိယာ လေဆာဖြင့် ခရီးသည်၏ ကိုယ်အပူချိန်ကို တိုင်း၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထို့အတူ မတ်လ(၁၈)ရက်နေ့တွင် ခရီးသည်(၄)ဦး ဝင်ရောက်လာကာ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)