ဒေးဒရဲမြို့နယ်၌ လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဒေးဒရဲ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရန်ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီက တမော့ဝကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင်စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကိုအကျိုးပြုနိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုဆွေးနွေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး  ပြည်သူအားလုံးပါဝင် ပေး ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့်  အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း