ဇီးကုန်းမြို့နယ်၌  မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇီးကုန်း နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီမြင့်က အဖွင့်အမှာစကားပြောကြားသည်။  ဆက်လက်၍  ဇီးကုန်းမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးသန်းထွဋ်က မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို ပရောဂျက်တာဖြင့် ပြသ၍ အသိပညာပေးဟောပြောခဲ့ပြီး၊ ကျောင်းသားကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့နောက် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်မာမာဦးက လူကုန်ကူးမှုပပျောက်ရေးအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)