ဒီးမော့ဆို ဒီဇင်ဘာ ၂၉
ဒေသဖွံ့ဖြိုးရေးကွန်ယက် (LDN) မှ ပြည်သူလူထုကိုယ်တိုင် ဦးဆောင်သော ဖွံ့ဖြိုးရေးကို မြှင့်တင်ခြင်းဆိုင်ရာ စံနမူနာ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က အမှာစကား ပြောကြားပြီး ဒါရိုက်တာ ဦးလိရယ်အန်ဂျေလိုက ဒေသဖွံ့ဖြိုးရေးကွန်ယက် (LDN) အကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဒေသဖွံ့ဖြိုးရေးကွန်ယက်(LDN)မှ တာဝန်ရှိသူများက စီမံကိန်းရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာ ပြည်သူလူထုများ တင်ပြထားသော ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ရေရရှိရေး စသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက် များ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်နိုင်ရေးကို ဆွေးနွေးတင်ပြကြ သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော် ရေးကော်မတီဝင် များက ကျေးရွာပြည်သူလူထုများ တင်ပြထားသော ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ရေရရှိရေး စသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအား ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးအစီအမံများကို အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)