အောင်လံ နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးတို့အတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် သရုပ်ပြသခြင်းများကို ယမန်နေ့က အောင်လံမြို့နယ်၊ ကားကြီးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇေယျာသက်ခိုင်နှင့် တပ်ဖွဲ့ဝင်များက Gas အိုးများ မီးလောင်မှုဖြစ်ပွားပါက အလွယ်တကူ မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ စနစ်တကျသိုလှောင် ထားခြင်းမရှိသော လောင်စာဆီ သိုလှောင်ကန်များ မီးလောင်မှုဖြစ်ပွားခဲ့ပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ရေး မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကားဝန်းအတွင်း နေထိုင်သည့် ဂိတ်မှူးများ၊ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများ ပြသကာ တက်ရောက်လာသူများနှင့်အတူ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)