တနင်္သာရီ နိုဝင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီ ၄၅မိနစ်အချိန်က အ.ထ.က(တနင်္သာရီ) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဇေယျာမိုးက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့ဆိုးကျိုးများ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် သစ်တောထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုးပြုစုခြင်းနည်းစနစ်များကို ဟောပြောခဲ့ပြီး မီးခိုးမြူငွေ့လျှော့ချရေး လက်ကမ်းစာစောင် ၇၀ စောင်ကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့ပြီး အ.ထ.က(တနင်္သာရီ) ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံစာစောင်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
သီသီခိုင် (တနင်္သာရီ)