ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder) နှင့် ဆီထွက်သီးနှံ(နေကြာ၊ ပဲပုပ်၊ ပဲကြီး) မျိုးစေ့များ ပေးအပ်

အိမ်မဲ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ဆီထွက်သီးနှံ (နေကြာ၊ ပဲပုပ်၊ ပဲကြီး) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder) နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေက တောင်သူများအား ပဲကြီးမျိုးစေ့အားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဆန်းချစ်က တောင်သူများအား ဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့များအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က တောင်သူများအား ဆီထွက်သီးနှံ နေကြာမျိုးစေ့များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ မျိုးစေ့ချကိရိယာ (Drum Seeder) နှင့် ဆီထွက်သီးနှံ (နေကြာ၊ ပဲပုပ်၊ ပဲကြီး) မျိုးစေ့များအား တောင်သူများရရှိသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်စကားများနှင့် သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)