ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး၏ အဋ္ဌမအကြိမ်မြောက် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ‌တော်” စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပြည် နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပဲခူးတိုင်းဒေသကြီး၏ အဋ္ဌမအကြိမ်မြောက်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ‌တော်"ကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်အားပေးချီးမြှင့်သည်။

ရှေးဦးစွာ ပွဲတော်မုခ်ဦးဆိုင်းဘုတ်ရှေ့၌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်တက္ကသိုလ် ပါ‌မောက္ခချုပ်ဒေါက်တာခင်မောင်ဇော်၊ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းခွဲပညာ‌ရေးမှူး ဒေါက်တာချစ်ကိုကိုတို့က ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် အခမ်းအနားကို အဆိုပါကျောင်း သီရိရတနာခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်မြို့ အ.ထ.က(၃) ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းသီဆိုဖျော်ဖြေမှုဖြင့် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပွဲ‌တော်ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကား‌ပြောကြားပြီး ပြည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစာကြည့်တိုက်များအတွက် သုတ/ရသ စာအုပ်၊ စာစောင်များကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား၌ အသိပညာဗဟုသုတများရရှိစေရေး ဟောပြောပေးမည့် စာရေးဆရာများနှင့် စာအုပ်အလှူရှင်များအတွက် ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းအဆင့် ဆုရကျောင်းသားတစ်ဦးက ကျပန်းစကားပြောခြင်းနှင့် အခြေခံပညာမူလတန်းအဆင့် ပုံပြောပြိုင်ပွဲ ဆုရကျောင်းသူတစ်ဦးက ပုံပြင်ပြောခြင်းတို့အား သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြကာ ပြည်မြို့ အ.ထ.က(၃)ကျောင်းသား၊ ကျောင်းသူများက "အနာဂတ်လူရည်မွန်" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တာဝန်ရှိသူများက ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ ကာယအဖွဲ့နှင့် ကပြသီဆိုဖျော်ဖြတင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများအဖွဲ့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကျင်းပလျက်ရှိသော ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပြခန်းများ၊ ရှေးဟောင်းသုတေသနပြခန်းနှင့် ပညာရေးဆိုင်ရာ အသိပညာပေးပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ ကျောင်းစာကြည်တိုက်နှင့် သုတ/ရသ စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲများအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများနှင့် အာဟာမုန့်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)