မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင့်လွင့်  ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာတွင် ဆာဖိုးသာစပါးမျိုး တစ်ဧကတင်း(၁၅ဝ) အထက်နှင့်အောင်နိုင်တိုးစပါးမျိုး တစ်ဧက တင်း (၁၃ဝ)အထက်ထွက်ရှိသော တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာတွင် ဆာဖိုးသာစပါးမျိုး တစ်ဧက တင်း(၁၅ဝ)အထက်နှင့် အောင်နိုင်တိုးစပါးမျိုး တစ်ဧက တင်း(၁၃ဝ)အထက် ထွက်ရှိသော တောင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စပါးစိုက် တောင်သူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာ မကွေးတိုင်းဒေသကြီးဟာ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စက်မှုကုန်ကြမ်း သီးနှံဝါအပါအဝင် သီးနှံစုံစိုက်ပျိုးထုတ်လုပ်တဲ့တိုင်းဒေသကြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံစိုက် စွမ်းအား တိုးမြှင့်ရေးအတွက် သီးထပ်သီးညှပ်တိုးချဲ့ စိုက်ပျိုးရေးဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်မှာ သီးနှံစုံစိုက်ဧက သိန်း (၆၀) ကျော် စိုက်ပျိုးခဲ့ရာမှ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ စိုက်ဧက (၆၅)သိန်းကျော် စိုက်ပျိုးနိုင်ရေးနဲ့ သီးနှံစိုက်ဧကတိုးသကဲ့သို့ သီးနှံအထွက်နှုန်း တိုးတက်ရေးလည်း ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးရဲ့ စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် မှာ ဆန်ဖူလုံမှု (၈၁.၉၉)ရာခိုင်နှုန်း၊ ဆီဖူလုံမှု (၄၁၆.၄၈) ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်မှာ ဆန်ဖူလုံမှု (၈၇.၂၆)ရာခိုင်နှုန်း၊ ဆီဖူလုံမှု (၅၀၂.၇၆)ရာခိုင်နှုန်းရရှိရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသကြီးအနေနဲ့ ဆန်ဖူလုံမှုဟာ (၈၀)ရာခိုင်နှုန်းကျော်ပဲရှိပြီး ဝမ်းစာဖူလုံရေးအတွက် နောက်ထပ် ဆန်ဖူလုံမှု (၂၀)ရာခိုင်နှုန်းတိုးတက်ရေးဆောင်ရွက်ရမှာဖြစ်သည့်အတွက် အထွက်နှုန်းတိုးတက်ပြီး ဝမ်းစာဖူလုံရေးအတွက် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရမှာဖြစ်တဲ့အတွက် ဆာဖိုးသာစပါးနဲ့ အောင်နိုင်တိုးစပါး မျိုးကဲ့သို့ အသက်ရင့်ြီး အထွက်ကောင်းတဲ့ စပါးမျိုးများကို ပြောင်းလဲ စိုက်ပျိုးသင့်ကြောင်း၊ ယနေ့ဂုဏ်ပြုခံရတဲ့ တောင်သူများနည်းတူ အခြားတောင်သူများလည်း တိုင်းဒေသကြီးရဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးမှာ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြဖို့ မှာကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် ဂုဏ်ပြုစုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရခြင်းအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာတိုင်းဒေသကြီးဝန် ကြီးချုပ်ကဆာဖိုးသာအောင်နိုင်တိုးတစ်ဧကအထွက်နှုန်းအမြင့်ဆုံး ရတောင်သူများအားလည်းကောင်း၊ ဆာဖိုးသာ စိုက်ပျိုးမှုအများဆုံးခရိုင်နှင့် မျိုးပြောင်းလဲမှုအများဆုံးခရိုင်အား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ ဆာဖိုးသာ/အောင်နိုင်တိုးတစ်ဧကပျှမ်းမျှအထွက်နှုန်းဆု၊ စိုက်ပျိုးမှုနှင့် မျိုးပြောင်းလဲမှုအများဆုံးဆုရ မြို့နယ်အသီးသီးမှ တောင်သူများအား အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆုပေးပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကစိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းထားသော ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)