တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဘုတ်ပြင်းမြို့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ တက်ရောက်

ဘုတ်ပြင်း   နိုဝင်ဘာ   ၁၇

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ (၁၆)ရက်နေ့လယ်ပိုင်းက ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ကြသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၁၂၀၀) ကျော် ပါဝင်နွဲပျော်ခဲ့ကြသည်။ ဆုချီးမြှင့်ပွဲတွင် အ-ထ-က(တောင်ဒဂုံ)ကျောင်းမှ ကျောင်းသား/သူများမှ “အလှပန်းများပွင့်လန်းမည်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲများကို ယခင်နှစ်က (၁၇)ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် ယနေ့အထိ(၁၀)ကြိမ်မြောက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲနှင့်ပတ်သက်ပြီး စာမတတ်သည်သူသည် ထိုင်နေတဲ့သူလိုပဲ၊ စာတတ်ပေမယ့် စာမဖတ်ဘူးဆိုရင်လည်း ရပ်နေတဲ့သူလိုပဲ၊ စာလည်းတတ် စာလည်းဖတ်တဲ့သူသည် ကိုယ်လိုရာလမ်းခရီးပန်းတိုင်ကို  ရောက်ရှိမည်ဖြစ်ကြောင်း၊ ပညာသည် လူသားအားလုံးအတွက်ကို စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ပြသနာကိုဖြေရှင်းနိုင်စွမ်း၊ လူမှုဘဝနှင့်ပတ်ဝန်းကျင်ကိုလည်းနားလည်သဘောပေါက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်၍ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေရန်၊ မိသားစုနှင့် လူမှုအဖွဲ့အစည်းအား အကျိုးပြုရန်နှင့်  မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်နိုင်ရန်အတွက် ငယ်စဉ်အခါကတည်းက ပညာကိုရှာကြရမည်ဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား၊ ကျောင်းသူများ၏ အရွယ်၊ အတန်းတို့နှင့်ကိုက်ညီသည့် စာကောင်း ပေမွန်များ ပြည့်စုံစွာထားရှိပေးရန်နှင့် ကလေးများ၏ အရွယ်၊ အတန်းတို့နှင့် ကိုက်ညီသည့် စာကောင်းပေမွန်များ ပြည့်စုံစွာ ထားရှိပေးရန်နှင့် ကလေးများ၏ စိတ်ဝင်စားမှု ရရှိစေရန်အတွက်လည်း ပုံမှန်စာကြည့်တိုက်၏ လှုပ်ရှားမှုများ ပြုလုပ်ပေးရန်လိုကြောင်း၊ ကျောင်းသင်ပညာရပ်များ သာမက စာပေဖတ်ရှုခြင်းမှရရှိလာသည့် ဗဟုသုတ အသိတရားများနှင့်ပါ ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို စာပေဖတ်ရှုသည့် အလေ့အကျင့်များ ပြုစုပျိုး ထောင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အ-ထ-က(ဘုတ်ပြင်း)ကျောင်းအတွက် ဘင်ခရာဝတ်စုံနှင့် တူရိယာပစ္စည်းများဝယ်ယူရန် မတည် ချီးမြှင့်ငွေ ကျပ်သိန်း(၂၅၀)၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ၌ တိုင်းဒေသကြီး ကိုယ်စားပြု ကဗျာအလွတ်အကအဖွဲ့ ကျောင်းသူများက ကဗျာလွတ်အကဖြင့် ဖျော်ဖြေခဲ့ကြပြီး ဘုတ်ပြင်းခရိုင် အတွင်း အထက်တန်းကျောင်း(၈)ကျောင်းရှိ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုကလည်းကောင်း၊  အ-ထ-က-ဘုတ်ပြင်း ကျောင်းစာကြည့်တိုက်အတွက်  စာအုပ်စာစောင်များကို ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များက ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်ဝန်ကြီးများသည် ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမနှင့် lot-7 (၁၃၅×၂၅ ပေ)ဝန်ထမ်းအိမ်ယာ (၆)ခန်းတွဲ(၄) ထပ် ဆောက်လုပ်နေမှုကိုလည်းကောင်း၊ အောင်မင်္ဂလာရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး နှင့်ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှုကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)