ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဂန့်ဂေါ နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦး၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့အမျိုးသမီး (တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်း/မိသားစုဝင်) များ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာ ၁၆ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က ခရိုင်ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်အဖွဲ့ဝင်များ၊ ဂန့်‌ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် အားကစားဝါသနာရှင်များတက်ရောက်၍  ကြည့်ရှု့အားပေးခဲ့ကြသည်။             

ဦးစွာ အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုကာ အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆိုကြသည်။ ထို့နောက် ဂန့်‌ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်ဆွေဦးက အဖွင့်မိန့်ခွန်းပြောကြားပြီး ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကိုစတင်ကျင်းပရာ အဖွင့်ပွဲစဉ်အဖြစ် အုပ်စု (A) မှ ပြည်ချစ်မေဘောလုံးအသင်းနှင့် အုပ်စု (B) က သစ္စာအားမာန်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သစ္စာအားမာန်အသင်းက ၂ ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရခဲ့သည်။

နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ဒုတိယနေ့ပွဲစဉ်အဖြစ် အုပ်စု (C) မှ ဇွဲမမ ဘောလုံးအသင်းနှင့် အုပ်စု (D) က ယောသူမေဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်သည်။        

အဆိုပါ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်ဘောလုံး အသင်း (၅) သင်းဖြစ်သည့် ပြည်ချစ်မေအသင်း၊ သစ္စာအားမာန်အသင်း၊ ဇွဲမမအသင်း၊ ယောသူမေအသင်းနှင့် မဟေသီအသင်းတို့ဖြင့် အုပ်စု (၂) အုပ်စုခွဲကာ အုပ်စုပတ်လည်စနစ်ဖြင့် ခရိုင်ပြည်သူ့အားကစားကွင်းကြီးအတွင်း၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။                        

မောင်မျိုးမင်း