ကျောက်ဆည် နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိသော ပလတ်စတစ်/ကြွပ်ကြွပ်အိပ် မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုအဖြစ် နိုဝင်ဘာ (၁၇) ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ယာဉ်ထိမ်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကျောက်ဆည်မြို့ မြို့ဝင်/မြို့ထွက်လမ်းဆုံများနှင့် မြို့လယ်မီးပွိုင့်လမ်းဆုံနေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပလတ်စတစ်/ကြွပ်ကြွပ်အိပ် မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုအဖြစ် ဆောင်ရွက်ရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးလင်းထွန်းနှင့်ဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလွှမ်းနိုင်နှင့်ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီနှင့်ဝန်ထမ်းတို့က ခရီးသွားပြည်သူများနှင့် ဈေးဝယ်သူများအား “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး”၊ “ပလတတ်စတစ်ညစ်ညမ်းမှုအန္တရာယ်”၊ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” စသည့် အသိပညာပေးလက်ကမ်း စာစောင်များနှင့် ကြွပ်ကြွပ်အိတ်အစားထိုး ဈေးဝယ်အိပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်သာယာလှပဖို့ ပလတ်စတစ်အမှိုက်ကင်းစင်ရေး လိုက်နာဆောင်ရွက်သွားကြရန်အတွက် ပလတ်စတစ်၏ ဆိုးကျိုးများဖြစ်သည့် မြို့ပြ၏ သန့်ရှင်းသာယာလှပမှုကို ထိခိုက်ခြင်း၊ မေထုကိုညစ်ညမ်းခြင်း၊ ရေထုကိုညစ်ညမ်းခြင်း၊ လေထုကိုညစ်ညမ်းခြင်း အကြောင်းများနှင့် ပလတ်စတစ်အမျိုးအစားများအကြောင်း၊ ဖြေရှင်းရန်နည်းလမ်းများ အကြောင်းကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ပြည်သူများအား စဉ်ဆက်မပြတ် အသိပညာပေးလျက်ရှိကြေင်း သိရသည်။
သက်မောင်(ကျောက်ဆည်)