သရက်ချောင်း နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက သရက်ချောင်းမြို့နယ်၊ နယ်မြေခံတပ်နယ်ရှိ စစ်သည်များနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က သရက်ချောင်းမြို့နယ်၊ ၄၀၃ တပ်ရင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်က နယ်မြေခံတပ်နယ်ရှိ စစ်သည်များနှင့်မိသားစုဝင်များအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်သည်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နယ်မြေခံတပ်နယ်ရှိ စစ်သည်များနှင့်မိသားစုဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် သက်ဆိုင်ရာလွှတ်တော်များအလိုက် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲရလဒ်များအားထုတ်ယူစစ်ဆေးခြင်း လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများက မဲမေးခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)