ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကျုံပျော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ (၁၄၀ ပေ × ၃၀ ပေ + ၇၀ ပေ × ၃၀ ပေ) RCC နှစ်ထပ် (Lပုံစံ) ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့အတွက် လူအင်အား၊ စက်အင်အားများဖြင့် အဆိုင်းခွဲ၍ ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက လိုအပ်ချက်တင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ‌ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ နတ်ကန်ကျေးရွာနှင့် ဘိုးထောင့်ကျေးရွာသို့ ဆက်သွယ်ထားသော သံကူကွန်ကရစ်ယက်မ+ကြမ်းခင်း၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ တံတားအရှည် (၃၀၀) ပေရှိ ဒါးကချောင်းကူး (နတ်ကန်) တံတားတည်ဆောက်ခြင်းလုပ်ငန်း တတိယပိုင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်မီရေးကို အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

အဆိုပါတံတားသည် သံကူကွန်ကရစ်ယက်မ+ကြမ်းခင်း၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ တံတားအရှည် (၃၀၀) ပေ၊ တံတားခန်းဖွဲ့စည်းပုံ(၆၀ပေ) ၅ ခန်း၊ တံတားအကျယ် (၂၀) ပေ၊ ရေလွတ်ကင်းလွတ်အမြင့် (၆) ပေ၊ ရေလမ်းကင်းလွတ်အကျယ် (၄၈) ပေ၊ ယာဉ်သွားလမ်းအကျယ် (၁၈) ပေ၊ လူသွားလမ်းအကျယ်တစ်ဖက်လျင် (၁) ပေစီ၊ ခွင့်ပြုယာဉ်အလေးချိန် (၃၆) တန်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း (ကျုံပျော်ခရိုင်အပိုင်) (မိုင် ၆၃မှ ၇၄/၅အထိ ၁၁မိုင်၅ဖာလုံ) အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းလုပ်ငန်းဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၁မိုင်၂ဖာလုံ)၊ ကတ္တရာလမ်းချဲ့၍ ထပ်ပိုးလွှာခင်းခြင်း (၃ဖာလုံ) လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ လမ်းဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှုးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊  အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့အတွက် လူအင်အား၊ စက်အင်အားများဖြင့် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာသို့ သွားရောက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သဲကုန်ကျေးရွာကုန်ထုတ်လမ်း မြေသားလမ်းခင်းခြင်း ကျောက်ချောခင်းခြင်းနှင့် Box culvert (၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း မြေသားလမ်းခင်းခြင်း (ဝ/၄.၆၉၇မိုင် x ၁၆' x ၄')၊ ကျောက်ချောခင်းခြင်း (ဝ/၁.၃၆မိုင် x ၁၂' x ၆')၊ Box culvert ၂ စင်း (၁၈' x ၅' x ၅') လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)