တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘုတ်ပြင်းခရိုင် မြို့တော်ခန်းမဖွင့်ပွဲနှင့် ဆောင်းသီးနှံ စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့များပေးအပ်ပွဲ တက်ရောက်

ဘုတ်ပြင်း နိုဝင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ (၁၆) ရက် နံနက်ပိုင်းက ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် မြို့တော်ခန်းမအသစ်အား ဖွင့်ပွဲ တက်ရောက်ကြသည်။

မြို့တော်ခန်းမအသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဘုတ်ပြင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးက မြို့တော်ခန်းမနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက မြို့တော်ခန်းမဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ပေးအပ်သည်။

အဆိုပါမြို့တော်ခန်းမကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ရန်ပုံငွေ (၄၄၇.၆၈) သန်းဖြင့် အလျား (၁၅၉) ပေ၊ အနံ (၅၂) ပေ၊ အမြင့် (၁၈) ပေ RC တစ်ထပ်အဆောင်အဦအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ ဘုတ်ပြင်းခရိုင်/ မြို့နယ်၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခမ်းအနားများကို တင့်တယ်စွာ ကျင်းပနိုင်မည်ဖြစ်သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါမြို့တော်ခန်းမတွင် ဘုတ်ပြင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆောင်းသီးနှံ (မတ်ပဲနှင့်အစေ့ထုတ်ပြောင်း) စိုက်ပျိုးကြမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့များ ပေးအပ်ပွဲကို ဆက်လက်တက်ရောက်ခဲ့သည်။

ပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများမှ ထုတ်ကုန်များ ပိုမိုတိုးတက်ရရှိရေးအတွက် အဓိကသီးနှံများ လျာထားချက်ပြည့်မီရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအားတိုးမြှင့်ရေး၊ တစ်နှစ်သုံးသီးအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေးတွန်းအားပေး ဆောင်ရွက်နေချိန်တွင် တောင်သူများအနေဖြင့် စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ကြိုးစားဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအား နှစ်ဆမှသုံးဆအထိရရှိအောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် မိမိတို့မိသားစု ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်ကြောင်း၊ ဘုတ်ပြင်းခရိုင်အတွင်းမှာ မြေအနေအထားအရ တောင်ကုန်းတောင်တန်းများပြီး လယ်မြေနည်း၍ ဆန်ဖူလုံမှု နည်းသည့်အတွက် ဆန်ဖူလုံမှုရရှိရေး ကြိုးပမ်းဆောင်ရွက်ရင်း မြို့နယ်များမှာ သီးထပ်စွမ်းအား တိုးတက်ရရှိရေးနှင့် အဓိကသီးနှံများ၏ တစ်ဧကအထွက်နှုန်းရရှိရေးအတွက် မတ်ပဲနှင့်အစေ့ထုတ်ပြောင်းအတွက် ဒေသရေမြေရာသီဥတုနဲ့ ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များကို အကျိုးဆောင်တောင်သူများအား ဖြန့်ဖြူးပေးခြင်းဖြစ်ကာ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ရှေးရှုဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ယနေ့ပေးအပ်သည့် သွင်းအားစုမျိုးစေ့များကို တောင်သူများအနေဖြင့် ထိထိမိမိအသုံးချပြီး မိမိတို့စိုက်ပျိုးထားရှိသည့် သီးနှံများ၏ တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က ဆောင်းသီးနှံ (မတ်ပဲနှင့် အစေ့ထုတ် ပြောင်း) စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက အကျိုးဆောင်တောင်သူများအား ဆောင်းသီးနှံ (မတ်ပဲနှင့် အစေ့ထုတ်ပြောင်း) များ ပေးအပ်ရာ၌ မတ်ပဲမျိုးစေ့ စိုက်အကျိုးတောင်တောင်သူ (၁၇) ဦးအား မတ်ပဲမျိုးစေ့ (၃၀) တင်း၊  အစေ့ထုတ်ပြောင်းစိုက် အကျိုးဆောင်တောင်သူ (၇) ဦးအား အစေ့ထုတ်ပြောင်း မျိုးကောင်း၊ မျိုးသန့် (၇၅) ကီလိုတို့ကို အသီးသီးပေးအပ်ကြရာ အကျိုးဆောင်တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)