မအူပင် နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (မအူပင်) ၌ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် တရားမဝင် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းရှိ သသင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူးခင်မောင်ညွန့်နှင့် မအူပင်မြို့နယ်ဥပဒေအရာရှိ ဒေါ်ကျော့ကေ ခိုင်တို့က တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းမှ သင်တန်းကျောင်းသို့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ/ ဘဲဥနှင့် စာရေးကရိယာများ ပံ့ပိုးပေးအပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ၎င်းနောက် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကကြီးနှင့် အဖွဲ့သည် ပြသထားသည့် နံရံကပ်ပိုစတာများအား ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကကြီးနှင့် အဖွဲ့သည် အမှတ် (၃) ရပ်ကွက်ရှိ သုစိဏ္ဏသာသနရံသီ သီလရှင်စာသင်တိုက်ဆရာကြီးဒေါ်တိရဏဉာဏီနှင့် သီလရှင်ဆရာကြီး၊ ဆရာလေး (၄၄) ပါးထံ သီလရှင်ဝတ်စုံ (၂၀) စုံ၊ ဆွမ်းဆန်တော် (၅) အိတ်၊ ဆီ (၃၀) ပိဿာ၊ ကြက်သွန်နီ (၁) အိတ်၊ ကြက်ဥ/ဘဲဥ (၃၂၀)လုံးနှင့် အလှူငွေကျပ် (၃)သိန်းအားလှူဒါန်းခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆက်စပ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (မအူပင်) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၅၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)