သဲကုန်း နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဘုန်းတော်ကြီး ဦးစီးပဓာနနာယက “နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် နိုင်ငံတော်ဝိနည်းမိုရ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီး ဘဒ္ဓန္တဝါယာမ ဦးစီးတည်ထောင်အပ်သော “မွေးမေ့နို့ရည်ဘဏ်တိုက်” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၈) နာရီအချိန်က သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း(ကြို့ရပ်သာ)မှ ကျောင်းသူ/ကျောင်းသားများ၏ မင်္ဂလာပါသီချင်းဖြင့်စတင်သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ ကြို့ရပ်သာကျောင်းတိုက် ဘုန်းတော်ကြီး ဦးစီးပဓာနနာယက “နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းမိုရ်"၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီးဘဒ္ဒန္တဝါယာမက စာကြည့်တိုက်ဖွင့်လှစ်ခြင်းရခြင်းနှင့်ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်။ ဆက်လက်၍ ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်က အဖွင့်အမှာစကားပြောကြား၍ ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်ခင်နှင်းဆီရွှေ(နန်းမုံဝေ)နှင့် ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်း တိုင်းအလုပ်မှုဆောင်စာရေးဆရာစိုးဇော်လှိုင်(ဆင်မြီးဆွဲ)တို့က ဝမ်းမြောက်ပီတီစကားပြောကြားခဲ့သည်။ ထို့နောက် ကြို့ရပ်သာကျေးရွာမှ ပြည်သူတစ်ဦးက စာကြည့်တိုက်ဆောက်လုပ်လှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သံဃာတော်အရှင်မြတ်တို့အား လှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ မွေးမေ့နို့ရည်ဘဏ်တိုက် စာကြည့်တိုက်အတွက် အလှူငွေများနှင့် စာအုပ်စာစောင်များလှူဒါန်းခဲ့၍၊ ဆရာမဒေါ်ယဉ်ဝေလွင်(ယဥ်ဝေလွင်-ပြည်)က အခြေခံပညာမူလတန်းကျောင်း(ကြို့ရပ်သာ)မှ ကျောင်းသူ/ကျောင်းသားများအား စာရေးကိရိယာဗလာစာအုပ်များ လှူဒါန်းခဲ့သည်။
မွေးမေ့နို့ရည်ဘဏ်တိုက်စာကြည့်တိုက်အား ဘုန်းတော်ကြီး ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် နိုင်ငံတော်ဝိနည်းမိုရ်၊ ဆရာတော်ကြီး ဘဒ္ဓန္တဝါယာမနှင့် ဆရာတော်သံဃာတော်များက စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ မွေးမေ့နို့ရည်ဘဏ်တိုက်စာကြည့်တိုက်အဆောက်အဦအား ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး၊ ဆင်မြီးဆွဲမြို့ စခန်းမှူး ရဲအုပ်ဝင်းကျော်ကျော်၊ ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်ခင်နှင်းဆီရွှေ(နန်းမုံဝေ)နှင့် ဆရာမဒေါ်ယဥ်ဝေလွင်(ယဥ်ဝေလွင်-ပြည်)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် "မွေးမေ့နို့ရည်ဘဏ်တိုက်စာကြည့်တိုက်" ရှေ့တွင် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တာဝန်ရှိသူများက ကမ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့်တာဝန်ရှိသူများမှ "မွေးမေ့နို့ရည်ဘဏ်တိုက်စာကြည့်တိုက်"သို့ သုတ၊ ရသစာအုပ်/စာစောင်များလှူဒါန်းပေးအပ်ခဲ့ပြီး စာကြည့်တိုက်အတွင်း ကျောင်းသား/ ကျောင်းသူများ စာအုပ်စာစောင်များဖတ်ရှုနေမှုများနှင့် စာအုပ်စာစောင်များခင်းကျင်းထားမှုအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)