ကန့်ဘလူ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီးဒေါ်မြင့်မြင့်အောင် မိသားစုတို့မှ ကန့်ဘလူမြို့ အမှတ်( ၃)ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တတေဇိန္ဒသာရ(သဒ္မမ္မဇောတိကဓဇသာသနာ့ဓမ္မာစရိယ) နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် သက်တော် ၇၈ နှစ်၊ ဝါတော် ၅၈ ဝါအား ပုနေပသမ္ပဒ ကံထပ်ခြင်းမင်္ဂလာအလှူတော် ရေစက်ချအခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်နံနက် ၉ နာရီက မြို့ဦးကျောင်းတိုက်၌ကျင်းပရာ ဆရာတော်နှင့်ပင့်သံဃာ ၄၀ ပါးတို့အားသိမ်ဆင်းတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက လှူဖွယ်ဝတ္ထုငွေနှင့်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။
ထို့နောက် ကံထပ်အလှူတော်ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပရာ ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဣန္ဒေါဘာသ ထံတော်မှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြပြီး ဆရာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆုတောင်း၍ရုပ်သိမ်းလိုက်ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)